People’s Spring
ဂွမြို့မှ စစ်ကောင်စီတပ်၏နောက်ဆုံးလက်ကျန် စခန်းဖြစ်သည့် အမှတ် (၅၆၂) ခြေမြန်တပ်ရင်း (ခမရ-၅၆၂)ကို အာရက္ခတပ်တော်(AA)က ယနေ့(ဒီဇင်ဘာ ၂၈ ရက်နေ့)ညနေပိုင်း တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်သည်။
“၅၆၂ ရပြီ။ ဂွကို AA သိမ်းလိုက်ပါပြီ။ ညနေ ၆နာရီမှာ အပြီးသတ်ရတာပါ။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်ရှင်းနေတယ်။ အခုက မြို့ကိုထိန်းချုပ်လိုက်ပြီ” ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တဦးကပြောသည်။
ဂွမြို့မှ ခမရ(၅၆၂) နှင့် ခမ(၅၆၃)ကို AAက ဒီဇင်ဘာ လလယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရက်
အနည်းငယ်အကြာတွင်ခမရ( ၅၆၃)ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၇ နှင့် ၁၈ ရက်နေ့များတွင် စစ်ကောင်စီတပ်မှ ဂွမြို့နယ်အလယ်ရွာနှင့် ဒီဇင်ဘာ
လ ၂၁ ရက်နေ့တွင် ခမရ (၅၆၃) အနီးရှိလူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း AA က ဒီဇင်ဘာလ၂၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဂွမြို့ကို မကြာခင်သိမ်းနိုင်တော့မည်ဟု AAက ကြေညာခဲ့သည်။
ရန်ကုန် ၊ဧရာဝတီတိုင်းမှ ပို့သမျှ စစ်ကူများကိုလည်း AA ကတိုက်ခိုက်ချေမှုန်းနေပြီး စစ်သားများမှာ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဘက်သို့နေစဥ်ထွက်ပြေးနေသည်ဟုသိရသည်။ထွက်ပြေးနေသောစစ်သားများကို AA ကလိုက်လံတိုက်ခိုက်နေပြီး စစ်ရှုံးပြီးနောက် ပြည်သူ့နေအိမ်များမီးရှို့ဖျက်ဆီးကာစစ်ရာဇဝတ်မှုကျူးလွန်သူများကို AA ကမှတ်သားထားကာ ကျူးလွန်သူများ ၊ညွန့်ကြားသူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟုလည်း အသိပေးထားသည်။
ထိုသို့ ကြေညာပြီး တစ်ပါတ်အကြာဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်း၌ ဂွမြို့အား သိမ်း
ပိုက်ခဲ့ခြင်းဖြစ်သည်။သို့သော် AAက တရားဝင်မထုတ်ပြန်သေးပေ။
ဂွမြို့သည် ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်ပြီး ဧရာဝတီတိုင်းနှင့် ကုန်လမ်းရောရေလမ်းပါဆက်စပ်နေသည်။
စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်ညပိုင်းတွင် ငါးသိုင်းချောင်း၊ရေကြည်၊ ရွှေသောင်ယံမြို့နယ်များမှနေ၍ ဂွမြို့နယ်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေကြောင်းသတင်းရရှိသည်။
AA က ဂွမြို့ကို သိမ်းပိုက်ပြီးနောက်ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်မြို့နယ်တို့ကိုသာ AA ကသိမ်းပိုက်ရန် ကျန်ပြီး စစ်တွေမြို့နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီဖြစ်သည်။
(AA တပ်ဖွဲ့ဝင်များ/ဂွ မြို့ဆိုင်းဘုတ် နှင့် ဂွမြို့ မြေပုံ။ ဓါတ်ပုံ-AA Info Desk ၊ CJ)