ဒီဇင်ဘာ ၂၆
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကိုင်တွယ်နေရာကနေ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စတင်တာဝန်ပြောင်းလဲယူနေပြီး စစ်မှုထမ်းဆင့်ခေါ်ရေးမှာ အရင်ထက် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လာဖို့ရှိနေတယ်လို့ နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အကြမ်းဖက် မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ညှိ/ကွပ်ရာထူးကနေ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အဖွဲ့ဝင် ၁၈ ဦးပါတဲ့ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တာဝန်ယူနေပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းထက် ပိုပြီး သဘောထားတင်းမာတဲ့အပြင် စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စတွေမှာ ငွေကြေးယူ လူစားထိုးတာတွေ မလုပ်စေဖို့နဲ့ တပ်သားသစ်အရေအတွက် ပြည့်မီရေးအတွက် ပေါ်တာဆွဲတာအပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းတွေအားလုံးသုံးဖို့ လုပ်လာနေတယ်လို့ ဆိုပါတယ်။
” ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို စစ်ဆင်ရေးတွေ ကိုင်တွယ်တာ ညံ့လို့ ဖယ်ရှားခံရတာအပြင် အသက်အရွယ်ပိုင်းအရလည်း ၆၀ ကျော်လာတဲ့အတွက် အရန်အင်အားကို ဆင်းထိုင်ရတယ်။ စစ်တပ်ရဲ့ နံပါတ် ၃ ကနေ အရပ်ဘက် ကာကွယ်ရေးဝန်ကြီးလိုရာထူးဖြစ်လာတော့ နန်းကျဘုရင်လို့ပဲ ပြောလို့ရတယ်။ သူက စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူနေပြီ။ သဘောထားတင်းမာတဲ့အတွက် စစ်မှုထမ်းကိစ္စ ကြမ်းတမ်းစွာကိုင်နေပြီလို့ ပြောလို့ရတယ်” လို့ တပ်သတင်းရင်းမြစ်က ဆိုပါတယ်။
လက်ရှိ တစ်နိုင်ငံလုံး စစ်မှုထမ်း တပ်သားသစ်အရေအတွက် ပြည့်မီရေးအတွက် စစ်တပ်က ပေါ်တာဆွဲမှုတွေနဲ့ လူငယ်တွေ ဖမ်းဆီးခံနေရတဲ့ အခြေအနေက အရင်ထက်ပိုမိုဆိုးဝါးလာနိုင်တယ်လို့ တပ်သတင်းရင်းမြစ်က သတိပေးပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေး က စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး စစ်တပ်မှာ နေပြည်တော်တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ တပ်မတော် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့လည်း အပတ်စဉ်တူ ဖြစ်ပါတယ်။