People’s Spring
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာမကြာခင် တိုက်ပွဲတွေဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေ မလိုအပ်ဘဲ ခရီးမသွားကြဖို့ နွားထိုးကြီး PDFက သတိပေးခဲ့ပါတယ်။
ဒီကနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက် ၁၀ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းကနေ ခရီးသွားကားတွေကို စစ်ဆေးမှုတွေနဲ့ လုံခြုံရေးအသိပညာပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
“တိုက်ပွဲတွေက မကြာခင်ဒီလမ်းမပေါ်မှာဖော်ဆောင်မှုတွေလာတောမှာပါ။ဖြစ်နိုင်ရင်တော့ မလိုအပ်ရင် အပြင်မထွက်စေချင်ဘူး။အရေးကြီးလုံးဝ ရှိမှသွားပါ။လုံခြုံအောင်နေကြပါ”လို့ နွားထိုးကြီး PDF က တာဝန်ရှိသူက အမြန်လမ်းမှာ ခရီးသည်တွေ နဲ့တွေ့ဆုံစဥ်ပြောခဲ့ပါတယ် ။
ပြည်သူများအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ ည အချိန်မတော် မထွက်ကြဖို့နဲ့ တိုက်ပွဲနဲ့တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ နွားထိုးကြီး PDFက သတိပေးပါတယ်။
ဒါအပြင် အမြန်လမ်းကို ည ၆ နာရီ နဲ့ မနက် ၆ နာရီ အတွင်းအသုံးမပြုကြဖို့ကိုလည်းပြောကြားခဲ့ပါတယ် ။
တော်လှန်ရေးကာလ ၄ နှစ်ပြည့်တော့မှာမို့ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ နွားထိုးကြီး PDFက မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်းရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)က စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့ပါသေးတယ်။
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ်။ ဓာတ်ပုံ-File Video)