Trend

ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၈ ဦး ကျဆုံး

ဇန်နဝါရီ ၅ ၊ ၂၀၂၅
ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၈ ဦး ကျဆုံးခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းနဲ့ နေပြည်တော် PDF တပ်ရင်း ၉၀၁ တို့က သတင်းထုတ်ပြန်ထားပါတယ်။
ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာမှာ အခုလ ၂ ရက်နဲ့ ၃ ရက်နေ့က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပုဝါနီစစ်ကြောင်းက ရဲဘော် ၅ ဦးနဲ့ နေပြည်တော် PDF တပ်ရင်း ၉၀၁ က ရဲဘော် ၃ ဦး ကျဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားပြီး ရဲဘော် အောင်ကြီး (ခ) ဝဏ္ဏအောင်၊ ရဲဘော် အောင်လေး (ခ) နေမျိုးအောင်၊ ရဲဘော်နဂါး (ခ) လျှမ်းထက်၊ ရဲဘော် ဇွဲကို (ခ) မိုးမင်းကို၊ ရဲဘော် ဘိုဘိုတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုဝါနီစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ခံ တောင်ငူခရိုင် အမှတ် ၃၅၀၄ တပ်ရင်းတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်နေ့တို့က ဖြစ်ပွားခဲ့တဲ့ ၂ ရက်ဆက်တိုက်ပွဲအတွင်း ပုဝါနီစစ်ကြောင်းနဲ့အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော် PDF တပ်ရင်း ၉၀၁ တပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင်ခဲ့ပါသေးတယ်။
ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာတိုက်ပွဲအတွင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ က ရဲဘော်တွေဖြစ်တဲ့ ရဲဘော်စွန်ရဲ(ခ) လှိုင်မင်းဦး၊ ရဲဘော်တယော(ခ) နိုင်ထက်ဝေနဲ့ ရဲဘော်ဖိုးတေ(ခ) မင်းမင်းဦးတို့လည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် ပုဝါနီစစ်ကြောင်းနဲ့ နေပြည်တော် PDF တပ်ရင်း ၉၀၁ တို့က ဝမ်းနည်းကြောင်းနဲ့ လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ထားသလို စစ်အာဏာရှင်စနစ် အမြတ်ပြတ်ရေးအတွက် အားသွန်ခွန်စိုက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ရေတာရှည်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုဒဏ်ရာရရှိမှု အခြေအနေကိုတော့ ပုဝါနီစစ်ကြောင်းနဲ့ နေပြည်တော် PDF တပ်ရင်း ၉၀၁ ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
BVJ/အိုင်းရစ် _

Leave a Reply

Your email address will not be published. Required fields are marked *