Trend

HMPV ဘယ်လိုကူးစက်သလဲ၊ ဘယ်လိုကာကွယ်မလဲ


■HMPVဆိုတာ ဘာလဲ

လက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ် အသစ်တစ်ခုကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။


ဒါပေမဲ့ ဓာတ်ခွဲ အတည်ပြုနိုင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာတောင် ဗိုင်းရပ်စ်ဟာ အသစ်ကျပ်ချွတ် မဟုတ်ဘဲ သက်တမ်း နှစ် ၆၀ ကျော်လောက် တည်ရှိနှင့်ပြီး ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ရှာတွေ့ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ လူသားတွေ သတိမမူမိခင် ကတည်းက HMPVဟာ အတွေ့ရများတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဗိုင်းရပ်စ် အနေနဲ့ ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့ပြီးပြီ ဆိုတာပါပဲ။

■ဘယ်လို ကူးစက်သလဲ

HMPVဟာ တခြားသော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေရဲ့ ဗိုင်းရပ်စ် အများစုနည်းတူ ချောင်းဆိုးတာ၊ နှာချေတာမျိုးကနေ လေထုထဲ ရောက်သွားတဲ့ အမှုန်အမွှားတွေကို ကပ်ငြိပြီး လူအချင်းချင်း ကူးစက်နိုင်ပါတယ်။ နောက်ပြီး ပွေ့ဖက်တာ၊ နမ်းရှုပ်တာ၊ ဗိုင်းရပ်စ် ကပ်ငြိနေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထားတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တိုကို ထိမိရာကလည်း ကူးစက်လေ့ ရှိပါတယ်။

ယေဘုယျ အားဖြင့်တော့ ဗိုင်းရပ်စ်ဟာ လူတစ်ဦးဆီ ခိုဝင်ရောက်ရှိပြီး ၃ ရက်ကနေ ၅ ရက်အကြာမှာ ရောဂါ လက္ခဏာတွေ ပြသလေ့ ရှိပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ဟာ HMPVကို တွန်းလှန်နိုင်တဲ့တိုင် နောက်ထပ် ရောဂါ ဖြစ်ပွားမှုတွေ ထပ်ကြုံနိုင်ပါတယ်။ အဲဒီဗိုင်းရပ်စ်ဟာ အချိန်တိုင်း၊ နေရာတိုင်းမှာ ကူးစက်မှု ဖြစ်နိုင်ပေမယ့် အပူချိန် လျော့ကျတဲ့ ကာလတွေ၊ အထူးသဖြင့် ဆောင်းရာသီနဲ့ နွေဦးပေါက်တွေမှာ ပိုအဖြစ်များပါတယ်။ နောက်ပြီး ရံဖန်ရံခါ အနေနဲ့ HMPVဟာ အချိန်တစ်ခု၊ နေရာတစ်ခုမှာ ကူးစက်မှုတွေ အုံနဲ့ကျင်းနဲ့ outbreakအသွင် ဖြစ်နိုင်ပါတယ်။

■သေပျောက်နှုန်း မြင့်သလား

ကိုယ်ခံအား အခြေအနေ နိမ့်ကျတတ်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေမှာ ပိုပြီး သတိထားရပါတယ်။ ပြီးတော့ HMPVဟာ တခြားသော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဗိုင်းရပ်စ်တွေနဲ့ ရောထွေးပြီး ကူးစက်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ရောဂါ လက္ခဏာတွေက တုပ်ကွေးဆန်တဲ့ ချောင်းဆိုးတာ၊ နှာစေးတာ၊ နှာရည်ယိုတာ၊ ဖျားနာတာတွေဖြစ်ပြီး ပြင်းထန်တဲ့ အခြေအနေမှာတော့ လေပြွန်တွေ ရောင်ရမ်းတာနဲ့ နမိုးနီးယားတို့ ဖြစ်တတ်ပါတယ်။

ကျန်းမာရေး ပြဿနာ အခံရှိသူတွေ၊ ဥပမာ နာတာရှည် ဝေဒနာသည်တွေလိုမျိုးမှာ ကူးစက်ခံရတဲ့အခါ HMPVဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုမျိုး ဖြစ်စေနိုင်ပါတယ်။၂၀၂၁ ခုနှစ်တုန်းက Lancet Global Health ဂျာနယ်ရဲ့ သုတေသန ထုတ်ပြန်ချက်မှာတော့ အသက်ရှူ လမ်းကြောင်း အောက်ပိုင်းမှာ ပိုးဝင်ပြီး သေဆုံးတဲ့ အသက် ၅ နှစ်အောက် ကလေးတွေရဲ့ ၁ ရာခိုင်နှုန်းဟာ HMPVကြောင့် ဖြစ်တယ်လို့ ဖော်ပြဖူးပါတယ်။ လောလောဆယ်မှာတော့ HMPVအတွက် သီးသန့် ကုသဆေး၊ ကာကွယ်ဆေး မရှိပါဘူး။ ရောဂါခံစားရသူတွေကို တုပ်ကွေးလူနာတွေနဲ့ တူညီတဲ့ နည်းလမ်းမျိုးနဲ့ပဲ စောင့်ရှောက် ကုသပေးရပါတယ်။

တရုတ်မှာ ကူးစက်မှုတွေ ဘယ်လိုရှိနေသလဲ

တရုတ်ရဲ့ ရောဂါ ထိန်းချုပ်ရေးနဲ့ တိုက်ဖျက်ရေးဌာန (CDC)က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ၂၀၀၉ ကနေ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေမှာ HMPVကြောင့် ဖြစ်ပွားမှုက အဆင့် ၈ နေရာကနေ ရပ်တည်နေတာကို တွေ့ခဲ့ရပါတယ်။ HMPV
ကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဟာ အဲဒီ ကာလ အပိုင်းအခြားမှာ ၄.၁ ရာခိုင်နှုန်း ရှိခဲ့ပြီး တုပ်ကွေးဗိုင်းရပ်စ်ရဲ့ ရောဂါဖြစ်ပွားနှုန်းကတော့ ၂၈.၅ ရာခိုင်နှုန်းပါ။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာတော့ HMPVကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားသူ အရေအတွက်ဟာ တုပ်ကွေးဗိုင်းရပ်စ်နောက် ဒုတိယ အများဆုံး ဖြစ်လာပါတယ်။ တုပ်ကွေးကြောင့် အဲဒီရောဂါတွေ ဖြစ်ပွားမှုဟာ ၃၀.၂ ရာခိုင်နှုန်းဖြစ်ပြီး HMPVက ၆.၂ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ် ကူးစက်မှုထက် ပိုများတဲ့ အတိုင်းအတာ ဖြစ်ခဲ့ပါတယ်။

■ဘယ်လို ကာကွယ်မလဲ

တစ်ကိုယ်ရည် သန့်ရှင်းမှုကို ထိန်းသိမ်းပြီး ပုံမှန်ဘဝကိုပဲ တတ်နိုင်သမျှ စိတ်လက် ကြည်ကြည်သာသာနဲ့ ဖြတ်သန်း နေထိုင်သင့်ပါတယ်။ လူထူတဲ့ နေရာတွေကို သွားရင် နှာခေါင်းစည်း ဝတ်ဆင်သွားသင့်ပါတယ်။ လက်ကို သန့်ရှင်းအောင် သေချာဆေးကြောတာ(ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာ) ၊ ​သောက်တဲ့​ရေခွက်စားတဲ့ ပန်းကန်ပြား ​တွေကို မျှ​ဝေအသုံးပြုတာတက်နိုင်သမျှ ​ရှောင်ကြဥ်တာ ၊ တခြားသူကို နမ်းတာ​တက်နိုင်သမျှ ​ရှောင်တာ ၊ ကိုယ့်ပတ်ဝန်းကျင်ကို လေဝင်လေထွက်ကောင်းမွန်အောင် စီမံထားတာတွေ လုပ်သင့်ပါတယ်။ တုပ်ကွေးဆန်တဲ့ ရောဂါ လက္ခဏာတွေ ပြသနေတဲ့ လူနာတွေနား ချဉ်းကပ်တာ၊ လက်မဆေးဘဲ မျက်နှာကို ပွတ်သပ် ကိုင်တွယ်တာတွေကို တတ်နိုင်သမျှ ဆင်ခြင်သင့်ပါတယ်။ဒါ့အပြင် သိပ္ပံနည်းကျ ဖော်စပ်ထားတဲ့ လက်သန့်ဆေးတွေ သုံးတာ၊ ပိုးသတ်ဆေး ဖြန်းတာတွေကလည်း HMPV ကူးစက်မှုတွေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။



ကိုးကား-CDC

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

Leave a Reply

Your email address will not be published. Required fields are marked *