Trend

စစ်ကိုင်းနဲ့ ထိစပ် မြို့၊ရွာတွေကို သိမ်းပိုက်ထားတဲ့ MDY-PDF က စစ်ကိုင်းတပ်မဟာ ဖွဲ့စည်း

စစ်ကိုင်း – မန္တလေး ချိတ်ပြီး စစ်အုပ်စု အရှိုက်ထိစေမယ့် စစ်ဆင်ရေးကြီးတွေ ဖော်ဆောင်မယ်လို့ ကြေညာ၊
MDY-PDF တပ်မဟာသစ်က စစ်ကိုင်းအတွက် အားဖြစ်စေနိုင်ဟု သုံးသပ်၊
ဇန်နဝါရီ – ၁ ရက်
စစ်ကိုင်းတိုင်းနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မြို့၊ရွာတွေကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ယခု ၂၀၂၅ နှစ်ဆန်းမှာ တပ်မဟာတစ်ခု အသစ်တိုးချဲ့ ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိမြင့်မယ်လို့ ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂နဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို ဖော်ဆောင်ပြီး စဉ့်ကူးမြို့နယ် တစ်နယ်လုံး အပါအဝင် သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်က မြို့ရွာ အများအပြားကို သိမ်းပိုက် ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်မဟာအသစ်တစ်ခု တိုးချဲ့ ဖွဲ့စည်းပြီး စစ်ကိုင်းနဲ့ မန္တလေး ချိတ်ဆက်ကာ စစ်ဆင်ရေး အကြီးစားတွေ ဖော်ဆောင်မယ်လို့ ဆိုပါတယ်။
လက်ရှိ MDY-PDF က သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဒေသတွေဟာ စစ်ကိုင်းနဲ့ ထိစပ်နေပြီး ရှေ့ဆက်မယ့် စစ်ဆင်ရေးတွေအတွက် မဖြစ်မနေ လိုအပ်လာတာကြောင့် စစ်ကိုင်း တပ်မဟာ အသစ်ကို ဖွဲ့စည်းတာလို့ MDY-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က MFP ကို ပြောပါတယ်။
“လက်ရှိ ကျွန်တော်တို့ MDY-PDF ရဲ့ ထိန်းချုပ်စိုးမိုး နယ်မြေတွေနဲ့ စစ်ကိုင်းဘက်က ဒေသတချို့မှာ ကျွန်တော်တို့ ဒီ ပထဝီ အနေအထားအရ ထိစပ်နေတာ၊ လူမှု စီးပွါးရေး အခြေအနေတွေက ထိစပ်နေတာ ဖြစ်တယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီ ရှေ့ဆက်ပြီး ဖော်ဆောင်မယ့် စစ်ဆင်ရေးတွေကို စဉ်းစားတဲ့ အခါမှာ ကျွန်တော်တို့က စစ်ကိုင်း ဘက်ခြမ်းကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုလာတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီ စစ်ကိုင်းဘက် ပေါ့နော၊ တပ်မဟာအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းပြီးတော့ စစ်ဆင်ရေး တစ်ခု ဖော်ဆောင်ဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” လို့ ကိုအော်စမွန်က ဆိုပါတယ်။
MDY-PDF က တိုးချဲ့ ဖွဲ့စည်းတဲ့ တပ်မဟာ သစ်ဟာ စစ်ကိုင်းဒေသမှာ ရှိတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ဟန်ချက် ညီညီ လက်တွဲ လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ကိုအော်စမွန်က ဆက် ပြောပါတယ်။
“ကျွန်တော်တို့ ဒီ ၂၀၂၅ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ စစ်ဆင်ရေးအရှိန်ကို တဆင့်တိုး အရှိန်မြှင့်ဖို့ ပေါ့နော၊ ကျွန်တော်တို့ ရည်ရွယ်ထားတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီ မန္တလေးတိုင်းထဲမှာ ရှိတဲ့ စစ်ဆင်ရေးတွေနဲ့အတူ စစ်ကိုင်း ဘက်မှာလည်း စစ်ကောင်စီကို အထိနာစေမယ့်၊ အရှိုက်ထိစေမယ့် စစ်ဆင်ရေး အကြီးစားတွေကို ကျွန်တော်တို့ စစ်ကိုင်းဒေသမှာ ရှိတဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေနဲ့ အတူ ဟန်ချက်ညီညီ လက်တွဲ ဖော်ဆောင်ဖို့ပေါ့နော၊ ပြီးတော့ ကျွန်တော်တို့ ဒီ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ချိတ်ဆက်ပြီးတော့ ဟန်ချက်ညီညီ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ဖို့ ပေါ့နော၊ ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ဒီ တပ်မဟာကို ဖွဲ့စည်း ခဲ့တယ်လို့ ပြောရင်ရပါတယ်ဗျ”
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေး တပ်ဖွဲ့တွေကိုလည်း MDY-PDF ရဲ့ တပ်မဟာအသစ် နဲ့အတူ လက်တွဲ တိုက်ပွဲဝင်နိုင်ဖို့ ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။
“ဆိုတော့ ကျွန်တော်တို့ ဒီ စစ်ကိုင်းတပ်မဟာမှာ ကျွန်တော်တို့နဲ့ အတူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ တိုက်ပွဲဝင်မယ့် တော်လှန်ရေး တပ်ဖွဲ့တွေကို ကျွန်တော်တို့ ဖိတ်ခေါ်တယ်၊ ကြိုဆိုတယ်၊ လက်ရှိ အခြေအနေမှာလည်း ကျွန်တော်တို့ ထိုက်သင့်တဲ့ မဟာမိတ် ချိတ်ဆက်မှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကျွန်တော်တို့ အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်ထားနိုင်ပြီလို့ ပြောရင် ရပါတယ်ဗျ”လို့ ကိုအော်စမွန်က ဆိုပါတယ်။
MDY-PDF က တပ်မဟာအသစ် ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်လာခြင်းဟာ တော်လှန်ရေးအတွက်၊ စစ်ကိုင်းအတွက် အားတက်စရာအဖြစ် ရှုမြင်ကြောင်း စစ်ကိုင်းတိုင်း အခြေပြု၊ NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေး တပ်ဖွဲ့တစ်ခု ဖြစ်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ပြည်သူ့ဆက်ဆံရေးဌာနက ရဲဘော် မြတ်သူက MFP ကို ပြောပါတယ်။
“မန္တလေး ပီဒီအက်ဖ် အနေနဲ့ စစ်ကိုင်းတပ်မဟာ ဖွဲ့ပြီးတော့မှ ဒီ အညာရဲ့ စစ်ရေးကိစ္စတွေ ဘာတွေအတွက်ကို ဆောင်ရွက်တော့မယ် ဆိုပြီးတော့မှ ကြေငြာလာတဲ့ အပေါ်မှာ ကျွန်တော်တို့ အနေနဲ့ကတော့ အများကြီး၊ တော်လှန်ရေး အတွက်ကို ကျွန်တော်တို့ အားတက်ရတဲ့ အားတစ်ခု အနေနဲ့ ဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ရပါတယ်။ ပြီးသွားရင် ဒီအတွက်ကိုလည်း သူတို့အနေနဲ့ အညာရဲ့ စစ်ရေးကိစ္စ အခြေအနေတွေကိုလည်း ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့လည်း ကျွန်တော်တို့ အနေနဲ့ မျှော်လင့်ပါတယ်။ ပြီးသွားရင် အညာရဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကိုလည်း သူတို့အနေနဲ့ သေချာ လေ့လာသုံးသပ်ပြီးတော့မှ သူတို့အနေနဲ့ အများကြီး အလုပ်လုပ်နိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်ဗျ”
စစ်ရေးအရ ထူးခြားတိုးတက်မှုတွေ ရှိလာမယ်လို့ ယူဆကြောင်းလည်း ရဲဘော် မြတ်သူက ဆိုပါတယ်။
“မန္တလေး ပီဒီအက်ဖ်အနေနဲ့ စစ်ကိုင်းတိုင်းထဲကို ဝင်လာတဲ့အခါမှာ စစ်ရေးအရ အများကြီးထူးခြားမှုတွေ ဖြစ်ပါလိမ့်မယ်ဗျ။ ဘာလို့လဲဆိုရင် တပ်မဟာတစ်ခုလုံး အနေနဲ့ကို ဆင်းလာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ အနေနဲ့ကလည်း အင်တိုက်အားတိုက်နဲ့ အလုပ်လုပ်ဖို့ ရည်ရွယ်ပြီးတော့မှ ဆင်းလာတယ်ဆိုတာကို ကျွန်တော်တို့ အနေနဲ့ သိသာပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ စစ်ကိုင်းမှာက စစ်ရေးအရ အများကြီး ထူးခြားမှု တွေလည်း ဖြစ်လာမယ်လို့ ကျွန်တော်တို့အနေနဲ့ ထင်မြင်ပါတယ်။ ပြီးရင် ဒီ စစ်ရေးအရလည်း အလုပ်လုပ်နိုင်တဲ့ ဒေသတွေ၊ အရေးပါတဲ့ ဒေသတွေက လက်ရှိ အခြေအနေမှာ လိုအပ်နေတဲ့ ဒေသတွေက အများကြီးရှိနေသေးတာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ရောက်လာခဲ့တဲ့ အင်အားတွေနဲ့ ကျွန်တော်တို့တွေ အများကြီး စုပြီးတော့မှ လုပ်နိုင်ခဲ့တယ် ဆိုရင် ကျွန်တော်တို့ အများကြီး အားဖြစ်မယ့် ဒေသတွေ ဖြစ်လာမယ့်၊ တော်လှန်ရေးခရီး အများကြီး ရှေ့ရောက်သွားမယ့် နေရာတွေ ဖြစ်လာမယ်လို့ ကျွန်တော်တို့ အနေနဲ့ မြင်ပါတယ်ဗျ”
လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှုတွေကို အမှတ် ၁ စစ်ဒေသက ဦးဆောင်နေပြီး MDY-PDF အနေနဲ့ အမှတ် ၁ စစ်ဒေသရဲ့ ကွပ်ကဲမှုအောက်က မဟုတ်တာကြောင့် တော်လှန်ရေး အင်အားစု အချင်းချင်း ညှိနှိုင်းပြီး တိုက်ပွဲဝင်ကြတာ ရှိလာနိုင်တယ်လို့ ရဲဘော်မြတ်သူက ဆက်လက် ပြောကြားပါတယ်။
“သူတို့က လက်ရှိ ရပ်တည်တဲ့အခါမှာ NUG ရဲ့ တပ်ရင်းတပ်ဖွဲ့ ဖြစ်တယ်ဆိုပေမယ့် အမှတ်(၁) စစ်ဒေသရဲ့ အောက်ကနေပြီးတော့မှ သွားတဲ့ တပ်ရင်းတပ်ဖွဲ့ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ လက်ရှိ သူတို့ တပ်မဟာ လာဖွဲ့တဲ့ ဒေသဟာ အမှတ်(၁) စစ်ဒေသရဲ့ ဒေသထဲမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ရေး လှုပ်ရှားမှုတွေ အနေနဲ့ရော အမှတ်(၁) စစ်ဒေသနဲ့ ဘယ်လိုမျိုး ညှိနှိုင်းမှုတွေနဲ့ လုပ်ဆောင်သွားမလဲ ဆိုတဲ့ အရာတွေလည်း ရှိပါလိမ့်မယ်ဗျ၊ အဲ့ဒီက အရာတွေနဲ့ အတူသာလျှင် ကျွန်တော်တို့တွေ အတူတကွ အညာရဲ့ စည်းလုံးမှုတွေ၊ ညီညွတ်မှုတွေ၊ စုစည်းမှုတွေကို ကျွန်တော်တို့ အဲ့ဒီနေရာမှာပဲ ကျွန်တော်တို့ သွားပြီးတော့မှ မြင်ရမှာပဲ ဖြစ်ပါတယ်ဗျ”
MDY-PDF ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ရဲ့ ကွပ်ကဲမှု အောက်မှာ ရှိတဲ့ PDF တပ်ရင်း အမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ ဆိုတဲ့ တပ်ရင်း ငါးရင်းနဲ့ စုဖွဲ့ထားတဲ့ တပ်ဖွဲ့ ဖြစ်ပြီး လက်ရှိမှာတော့ တပ်ရင်းတွေ၊ တပ်မဟာတွေ တိုးချဲ့ ဖွဲ့စည်းနေတာ ဖြစ်ပါတယ်။
MDY-PDF ဟာ တအာင်းတပ်မတော် – TNLA နဲ့အတူ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ ပါဝင်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂မှာလည်း ဆက်လက် ပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ NUG ကွပ်ကဲမှုအောက်က PDF တပ်ရင်း တပ်ဖွဲ့တွေ၊ ဗျူဟာတွေကို ဦးဆောင်ကာ ရှမ်း-မန်း စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာက မြို့၊ရွာ အများအပြားကို သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
လက်ရှိမှာလည်း သပိတ်ကျင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်တွေက လက်ကျန် စစ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
MDY-PDF ရဲဘော်တွေကို တွေ့ရစဉ်/Photo – MDY-PDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *