ရပ်ရွာများကို လေတပ်ဗုံးကြဲမှု ရပ်ပေးရန် နေပြည်တော်မှ စစ်ခေါင်းဆောင်များကို တောင်းဆိုကြောင်း AA တပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံထားရသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြောလိုက်သည်။
“ပြည်သူလူထုကို ဗုံးကြဲနေတာတွေ၊ အကြမ်းဖက်တာတွေ ရပ်တန့်ပေးပါ။ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေ ပြည်သူတွေရဲ့ အမုန်းတရားတွေ ၊ နာကျည်းမှုတွေကိုပဲ မျိုးဆက်လိုက် ရရှိခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်” ဟု ၎င်းက အာရက္ခတပ်တော်၏ ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် ဝါဒဖြန့်ရုပ်သံတွင် ပြောဆိုထားသည်။
ရုပ်သံတွင် တိုင်းဦးစီးချုပ်ကို မျက်နှာမသာမယာနှင့် တွေ့ရသည်။
ထိုသို့ ပြောဆိုရန် သူ့ကို အကြပ်ကိုင်၊ ခြိမ်းခြောက်ထားခြင်း ရှိမရှိ မသိရပေ။
ရခိုင်ဒေသသို့ စစ်ကူရောက်လာရန် ခက်ခဲသည်ကို သိရှိပြီးဖြစ်သည်၊
စစ်သားများ အမြန်ဆုံး လက်နက်ချသင့်သည်ဟုလည်း သူက တိုက်တွန်းထားသည်။
AA တပ်ဖွဲ့ ထုတ်ပြန်သည့် နောက်ဆုံးရုပ်သံတွင် လိမ္မော်ရောင် ဝတ်ဆင်ထားကြသည့် သုံ့ပန်းများ အစာစားနေကြပုံ၊ စစ်ကောင်စီ လက်လွှတ်လိုက်ရသည့် နပခတိုင်းမှ စစ်သည်များ ကနဦး ဖမ်းဆီးခံရစဉ် ဒူးထောက်၊ လက်နောက်ပြန်ကြိုးတုပ်ခံထားရပြီး အုပ်စုလိုက် တန်းစီထိုင်နေပုံတို့ ပါဝင်သည်။
သံခြေကျင်းခတ်ခံထားရဟန်ရှိသည့် ဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ်တို့မှာ ထိုအုပ်စု၏ ရှေ့ဆုံးတွင် ဒူးထောက်နေရသည်။
တိုက်ပွဲအခြေအနေ သတင်းအမှောင်ချထားသည့် စစ်ကောင်စီက AA တပ်ဖွဲ့ ထုတ်ပြန်ချက်များကို တုံ့ပြန်ခြင်း မရှိသေးပေ။
အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို ပစ်သတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်ကောင်စီတပ်သည် စစ်မျက်နှာ များစွာဖွင့်ထားရပြီး ထိုးစစ်ဆင်ရန် ခက်ခဲလာသည်။
ခံစစ်ဆင်ရာတွင် လေကြောင်းတိုက်ခိုက်မှုကို ပိုမို အားထားနေရာ လူနေရပ်ကွက်ကျေးရွာများကိုပါ ဗုံးကြဲနေခြင်းကြောင့် အရပ်သား အများအပြား သေဆုံးနေသည်။