Trend

တရုတ်နိုင်ငံမှာ ကူးစက်မြန် ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့

■ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံမှာ ကူးစက်မှုအလွန်မြန်တဲ့ Human Metapneumovirus (HMPV) ဗိုင်းရပ်စ် အသစ်တစ်မျိုး ပျံ့နှံ့နေတယ်လို့ အိန္ဒိယအခြေစိုက် NDTV World သတင်းမှာ ဇန်နဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။
ပျံ့နှံ့မှု မြန်ဆန်လွန်းပြီး ဆေးရုံနဲ့ မီးသင်္ဂြုဟ်တဲ့ နေရာတွေမှာ လူတွေပြည့်နေတယ်လို့ လူမှုကွန်ရက်တွေမှာ ဖော်ပြကြပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဗွီဒီယိုတွေမှာလည်း ဆေးရုံတွေမှာ အဲဒီဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ပြည့်ကျပ်နေတာ တွေ့မြင်ရပါတယ်။
ကလေးဆေးရုံတွေမှာလည်း အဆုတ်ရောင်ရောဂါနဲ့ အခြားအဆုတ်ထိခိုက်တဲ့ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်နေတယ်လို့ NDTV World သတင်းမှာ ဖော်ပြပါတယ်။
HMPV ဗိုင်းရပ်စ်ဟာ တုပ်ကွေးနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ဆင်တူတဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေကို ကျန်းမာရေးအရာရှိတွေက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားပေမဲ့ ဒါကို အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြပါတယ်။ တရုတ်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေး စီမံကွပ်ကဲမှုအဖွဲ့ အနေနဲ့ ဓာတ်ခွဲခန်း အစီရင်ခံစာတွေ ထုတ်ပြန်ဖို့နဲ့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေး လုပ်ထုံးလုပ်နည်းအသစ်တွေ ချမှတ်မှာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ အုပ်ချုပ်ရေးအရာရှိ တစ်ဦးပြောတာကို ကိုးကားပြီး CCTV နိုင်ငံပိုင် ရုပ်သံသတင်းက ထုတ်လွှင့်ခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်က ၂၂ ရက်အတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ၂၀၂၅ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
_________
တရုတ် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှု အသစ်တစ်ခုဖြစ်ပွားနေကြောင်း အွန်လိုင်း လူမှုကွန်ရက်တွင် ရုပ်သံပျံ့နှံ့သည်အား တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *