မောင်တောမြို့အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ရင်းနခခ(၅)အားနေထိုင်ကွပ်ကဲခဲ့သူ ဖမ်းဆီးခံထားရသည့်ဗိုလ်မှူးချုပ်သူရိန်ထွန်းအားသတင်းအချက်အလက်မျိုးစုံပေးခဲ့သည့် မောင်တော၆ မိုင်ဘုန်းကြီးအားအာရက္ခတပ်တော်(AA)က ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသတင်းရရှိသည်။
“ကျွန်တော်တို့သိရသလောက်ကဗိုလ်ချုပ်သူရိန်ထွန်းကို AAကဖမ်းဆီးစစ်ဆေးတွေရှိချက်မှာ မောင်တောက ၆ မိုင်ဆရာတော် နဲ့ပြေားဆိုထားတဲ့Vcall ပြောဆိုချက်တွေ နဲ့ သတင်းအချက်အလက်များစွာပို့ထားတဲ့ မှတ်တမ်းတွေတွေ့ရတယ်လို့သိရတယ်။ နခခ(၄)၊ အောင်မဂ်လာ၊ ဖားဝပ်ချောင်း စတဲ့ နေရာတွေကို လည်းဂျက်နဲ့ဗုံးကြဲနိုင်ဖို့ ၆ မိုင်ဘုန်းကြီးက ညွှန်ကြားခဲ့တယ်လို့သိရတယ်”ဟုပြောဆိုသည်။
အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်တွင် လူသေဆုံးမှုများလည်း ရှိခဲ့သည်။
ထိုသို့ပြစ်မူများကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တော တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ ဘုန်းကြီး ကျောင်းများ၌တစ်နေ့တစ်ကျောင်းကျ ညအိပ်ပုန်းရှောင်နေခဲ့ရာ ကျောက်ပန္ဒူဘုန်းကြီးကျောင်း၌ ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်း၌ အာရက္ခတပ်တော် AA မှလက်ရ ဖမ်းဆီးနိုင်ခဲ့သည်ဟု၎င်းကပြောသည်။
ဗိုလ်မူးချုပ်သူရိန်ထွန်းအား သတင်းအချက်အလက်များပေးပို့နေမူကြောင်း ဖမ်းဆီးခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တောမြို့အမှတ်(၁)ရပ်ကွက်အလယ်ရွာ ဇာတိနေ ကိုယ်တော် “အတို” ဟုလူအများစုသိရှိထားပြီးဘွဲနာ မည်မှာ ဦးညာဏသီရိ အသက် ၅၀ နှစ်ဖြစ်ကြောင်းသိရှိရသည်။
မောင်တောမြို့နှင့် ၂ မိုင်ခန့်ဝေးကွာသည့် မြို့သူကြီးကျေးရွာဟောင်း၌တည် ဆောက်ထားသည့် စစ်ဆင်ရေးဌာနချုပ်ဖြစ်သည့်အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ရင်းအားဒီဇင်ဘာလ ၈ ရက်နေ့၊နံနက် ၉ နာရီ ၃၀ မိနစ်၌ အာရက္ခတပ်တော်(AA)မှ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး နောက် ထွက်ပြေးသွားသည့် စကခ (၁၅) စကခ မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း နှင့် အဖွဲ့အားပြီးခဲ့သည့် အဆိုပါနေ့၌ပင်မောင်တော၊ ရွှေတောင်ကျေးရွာ အနီးရှိ သီဟိုလ်ခြံ၌ အရှင် လက်ရဖမ်းဆီးရမိခဲ့ကြောင်း AAဖက်မှသတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့အရက္ခတပ်တော်မှဖမ်းဆီးရမိခဲ့သည့် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲရေးမှူးဗိုလ်မှူးချုပ် သူရိန်ထွန်း၏ ဖုန်းများအားစစ်ဆေးချက်အရ မောင်တော ၆ မိုင်ဆရာတော် နှင့် ဆက်သွယ်ပြီး သတင်းအချက်အလက်များဖလှယ်ခဲ့ကြသည့် သက်သေအထောက်အထားများအားစစ်ဆေးတွေ့ရှိခဲ့သဖြင့် ယခုလိုဖမ်းဆီးထိမ်းသိန်းထားခံနေရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။
“၆ မိုင်ဆရာတော်က ကိုယ်တော်ကြီး အဆင့်ပါ။ ငယ်ဖြူမဟုတ်ပါဘူး။ နိက္ကမပါ။ ၆ မိုင်မှာကျောင်းထိုင်တယ်။ နောက်ပိုင်းမှာ ရွာသာယာကျေးရွာထွက်ဝ မှာနေရာယူပြီး ဘုန်းကြီးကျောင်းတည်ဖို့ကြိုးစားခဲ့တယ်။ စစ်ကောင်စီအကြီးအကဲတွေနဲ့ လက်ဝါးချင်းရိုက်ပြီး စီးပွါးရေလုပ်စားနေတာ။ သူနဲ့သူရိန်ထွန်းဆက်သွယ်ပြောဆိုတဲ့ အသံဖိုင်တွေအားလုံးတွေ့ရှိထားတယ်လို့သိရတယ်”ဟုသတင်းရင်းမြစ်ကပြောဆိုသည်။
လက်ရှိ၌ ထို ၆ မိုင်ဆရာတော် ကိုယ်တော်အတို (ခေါ်)ဦးညာဏသီရိ အသက် ၅၀ နှစ်အား မောင်တောမြို့နယ်တောင်ပိုင်း သရိကုန်ဘောင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ထိန်းသိမ်းထားပြီး အာရက္ခတပ်တော်မှ အသေးစိတ်စစ်ဆေးလျှက်ရှိနေကြောင်းမျက်မြင်ဒေသခံများထံမှသိရသည်။
နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁ /၂၀၂၄