ဒီဇင်ဘာ ၂၈
ရှေ့တန်းစစ်မြေပြင် တိုက်ပွဲများ တွင် သေဆုံးခဲ့ကြသော စစ်မှုထမ်းအပတ်စဉ် သင်တန်းဆင်း တပ်သားသစ်များ၏ ကျန်ရစ်သူ မိသားစုများအတွက် မည်သည့်အကျိုးခံစားခွင့်မှ ပေးရန်မရှိကြောင်း စစ်ကောင်စီက အသိပေးလာသည်ဟု ကျန်ရစ်သူမိသားစုဝင်တချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်၊ညောင်ချောင်း-ချောင်းဦး ကျေးရွာမှ အ သက် ၂၀ ဝန်းကျင်အရွယ် မောင်နေမင်းထက်သည် စစ်မှုထမ်း အပတ်စဉ် ၁ မှ ဖြစ်ပြီး စစ်သင်တန်းဆင်းပြီးနောက် ရခိုင်ရှေ့တန်းစစ်မြေပြင်သို့ အပို့ခံရကာ ဩဂုတ်လ ၃၁ ရက်နေ့ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ မောင်နေမင်းထက်၏ အလောင်းပြန်မရခဲ့ကြောင်း၊ မိဘများက ဆင်းရဲလွန်းသည့်အတွက် စစ်မှုထမ်းရန် ခေါ်ဆောင်သွားချိန်ကလည်း တားဆီးနိုင်ခဲ့ခြင်းမရှိကြောင်း၊ သေဆုံးသွားချိန်တွင်လည်း သေဆုံးသူ မောင်နေမင်းထက်အတွက် မည်သည့်အကျိုးခံစားခွင့်မှ ပေးရန် မရှိဟု စစ်ကောင်စီက အကြောင်း ကြားလာကြောင်း သိရှိရသည်။
“မေလမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ တက်ရတယ်။ ၂ လအကြာ သင်တန်းဆင်းပြီးတော့ ရှေ့တန်းပို့တာ။ ဩဂုတ်လ ၃၁ ရက်နေ့မှာ တိုက်ပွဲမှာ သေတယ်။ စစ်မှုထမ်းသက်ကလည်း လပိုင်းဆိုတော့ ဘာခံစားခွင့်မှ ပေးဖို့ မရှိဘူးဆိုပြီး စစ်တပ်က အသိပေးတယ်။ မောင်နေမင်းထက်ရဲ့ မိသားစုတွေက ဆင်းရဲလွန်းလို့ မိတ်ဆွေတွေက မနေသာလို့ ဘာအကျိုးခံစားခွင့်ရမလဲဆိုပြီး ဝိုင်းကူညီတာ။ တပ်ကတော့ ဘာမှ အကျိုးခံစားခွင့်မရှိဘူးလို့ ပြောတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောဆိုသည်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ က ရပ်ကွက်၊ ၄ လမ်းတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ကိုဖေရို့စ်သည် ယခုနှစ် ဇူလိုင်လအတွင်း စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းတက်ခဲ့ရပြီး သင်တန်းဆင်းပြီးနောက် ပဲခူးတိုင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ နိုဝင်ဘာလအတွင်း ပဲခူးတိုင်း ရွှေကျင်တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲတွင် သေဆုံးခဲ့သူ ကိုဖေရို့စ်တွင် သမီးနှင့်ဇနီး ကျန်ရစ်ခဲ့သော်လည်း မည်သည့် အကျိုးခံစားခွင့်မှ စစ်တပ်က မပေးကြောင်း သိရှိရသည်။
“သေတာတောင် ချက်ချင်းပေးမသိဘဲ အတော်ကြာမှ သိရတယ်။ အလောင်းပြန်မပေးလို့ အစ္စလမ်ထုံးတမ်းအရ သဂြိုလ်လို့ မရခဲ့ဘူး။ နောက်ထပ်လည်း ဘာ အကျိုး ခံစားခွင့်မှ ပေးတာမကြားရဘူး။ ခေါ်သွားချိန်ကလည်း တိတ် တဆိတ် ခေါ်သွားသလို သေသွားတော့လည်း တိတ်တဆိတ်ပဲ ဘာမှ အသိပေးခဲ့တာမရှိခဲ့ဘူး” ဟု သေဆုံးသူ ကိုဖေရို့စ်၏ မိသားစုနှင့် နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို စတင်ခေါ်ယူချိန်က ရှေ့တန်းပို့မည်မဟုတ်ဘဲ မိမိ၏ ရပ်ရွာများတွင်သာ လုံခြုံရေးဆောင်ရွက်ရမည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သော်လည်း လက် ရှိတွင်မူ စစ်မှုထမ်း တပ်သားသစ်များကို ရှေ့တန်းသို့ပို့၍ စစ်တိုက်ခိုင်းနေကာ သေဆုံးချိန်တွင် ခံစားခွင့်နှင့် ရပိုင်ခွင့်များ လုံး၀ မပေးခြင်းဖြစ်သည်ဟု ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- ဧရာ၀တီတိုင်းအတွင်းရှိ စစ်မှုထမ်းအပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ်များကို သွားရောက်တွေ့ဆုံနေသည့် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း။